ဘီးလင်းမြို့၊ အ.ထ.က (ကန်သာယာ) ကျောင်း၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

ဘီးလင်း ဇွန် ၁၂

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့နှင့် ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲများကို ယနေ့ နံနက်ပိုင်းက အ.ထ.က ကန်သာယာကျောင်း၌ သွားရောက်ဆောင်ရွက်ခဲ့ကြ‌သည်။

ဟောပြောပွဲတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက ကျောင်းသား၊ ကျောင်းသူများ မိမိတို့၏ ရည်မှန်းချက်များ အောင်မြင်စေရေး၊ ကျောင်းစာအပြင် ဗဟုသုတတိုးပွားစေမည့် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြရေး၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် လူငယ်နှင့်ပညာ အကြောင်းကိုလည်းကောင်း မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှ အဖွဲ့ဝင် ဒေါ်ထိုက်ထိုက်ဝင်းက မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းကိုလည်းကောင်း အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ကေဇင်ကျော်ဝင်းက ကျောင်းသားနှင့်စာပေအကြောင်းကိုလည်း‌ကောင်း အသိပညာပေးဟောပြောခဲ့ကြသည်။

ထို့နောက် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး၊ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာ နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)