ရေကြည် ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းကျင်းပသော ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်များအနက် ငလျင်ဘေးအန္တရာယ်မှာ ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိသည့် ဘေးအန္တရာယ်အမျိုးအစားဖြစ်ခြင်း၊ ပျက်စီးဆုံးရှုံးမှုနှင့် ထိခိုက်ခံစားရမှု အများဆုံးဖြစ်သော ဘေးအန္တရာယ် အမျိုးအစားဖြစ်ပါသည်။ ထိုသို့ဖြစ်ခြင်းကြောင့် သဏ္ဍန်တူဇာတ်တိုက် လေ့ကျင့်ခြင်းကို ဘေးအန္တရာယ်တစ်ခုအတွက် ပြင်ဆင်ထားမှု အခြေအနေအား လေ့လာခြင်း၊ တိုးမြှင့်ခြင်းနှင့် သုံးသပ်ခြင်းတို့ ပြုလုပ်ရန် ဘေးအန္တရာယ်ကြုံတွေ့ပါက ထိခိုက်မှုအနည်းဆုံး ဖြစ်စေရန်၊ ဘေးမဖြစ်မီ၊ ဖြစ်နေဆဲ၊ ဖြစ်ပြီးအချိန်များတွင် လုပ်ဆောင်ရမည့် အစီအစဉ်များကို လေ့ကျင့်တတ်စေရန် ထိခိုက်လွယ်အုပ်စုများကို ဇာတ်တိုက်လေ့ကျင့်ခြင်းများ ထည့်သွင်းလာစေရန်ဟူသော ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဘေးအန္တရာယ်ကြောင့် ဒဏ်ရာရရှိပါက လွယ်ကူ၍ အမြန်ဆုံးနည်းဖြစ်သည့် ရှေးဦး သူနာပြုနည်း လက်တွေ့သရုပ်ပြသခြင်း၊ ငလျင်ဘေးအန္တရာယ်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို လက်တွေ့သဏ္ဌာန်သရုပ်ပြပွဲများ ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ကျောင်းသားများမှ လက်တွေ့လေ့ကျင့်သင်ကြားနေမှု့များအား ကြည့်ရှုအားပေးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)