သာပေါင်း ဇွန် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Unique Identification Number (UID)ထုတ်ပေးနိုင်ရေး အခြေခံပညာကျောင်းများရှိ အသက် (၁၀)နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများအား ဇွန်လ ၁၀ ရက်နေ့၊နံနက် ၉ နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(လှေကြီးတတ်)၊သင်္ဂါရခန်းမ၌ ဆောင်ရွက်ကြသည်။
မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန အကြီးတန်းစာရေးဦးဝင်းတင်က နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ခြင်း၏ အရေးပါမှုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ သိရှိလိုက်နာရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် အသက်(၁၀)နှစ် ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Unique Identification Number (UID)ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများက ရှေ့ပြေးလျှောက်လွှာဖြည့်ခြင်း၊နိုင်(၂)ပုံစံဖြည့်ခြင်း၊ ကျန်းမာရေးဌာနမှ သွေးအုပ်စုအမျိုးအစား စစ်ဆေးပေးခြင်းနှင့်လိုအပ်သည့် အချက်အလက်များ စိစစ်ကောက်ယူခဲ့ကြသည်။
ကျောင်းသား၊ကျောင်းသူများအနေဖြင့် နိုင်ငံသားစိစစ်ရေးဆိုင်ရာ အထောက်အထားများ အချိန်မီရရှိနိုင်မည်ဖြစ်ပြီး ပညာရေးနှင့် အခြားလူမှုဘဝဆိုင်ရာ ကိစ္စရပ်များတွင် ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဖြစ်ရာ အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်နှင့်အညီ မြို့နယ်အတွင်းရှိ ကျောင်းများအရောက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး