စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေး

စလင်း ဇွန် ၁၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက်(၁၀၀) စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက မြေမိကုန်းကျေးရွာအုပ်စုနှင့် ရုံးပင်ကန်ကျေးရွာအုပ်စုမှ တောင်သူလယ်သမားများအား ထုတ်ချေးပေးလျက်ရှိသည်။

 ရှေးဦးစွာ စလင်းမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မန်နေဂျာ ဦးဌေးလွင်က တောင်သူလယ်သမားများအား ချေးငွေနှုန်းထားတိုးမြှင့်ရေးအစီအစဉ်အရ အချိန်စေ့ရောက်ပြီး နှစ်စဉ်ချေးငွေ အရင်း၊ အတိုးနှင့် ဒဏ်တိုးများ၊ နှစ်တိုချေးငွေနှင့် နှစ်ရှည်ချေးငွေ၏ အရစ်ကျငွေ အရင်း၊အတိုးများ ပြေကျေစွာပေးဆပ်ပြီး လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ် ပုံစံ(၇)ရှိသည့် တောင်သူများအား ထုတ်ချေးပေးခြင်းဖြစ်ကြောင်းနှင့် ရာသီဥတုနှင့်ကိုက်ညီသည့် သီးနှံအာမခံထားရှိရေးကိစ္စရပ်များကို ဆွေးနွေးပြောကြား သည်။

 ထို့နောက် စလင်းမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာဦးဌေးလွင်နှင့်ဝန်ထမ်းများက မြေမိကုန်းကျေးရွာအုပ်စုနှင့် ရုံးပင်ကန်ကျေးရွာအုပ်စုမှ တောင်သူ ၂၅၇ ဦး၏ မိုးစပါး  ၈၂၆  ဧကနှင့် အခြားသီးနှံ ၆၂ ဧက စုစုပေါင်း စိုက်ဧက ၈၈၈ အတွက် ချေးငွေကျပ် ၂၆၃၃ သိန်းကို ထုတ်ချေးပေးခဲ့ကြောင်းနှင့် ယနေ့ထိကျေးရွာအုပ်စု  ၄ အုပ်စုအား ထုတ်ချေးပြီးစီးပြီးထုတ်ချေးပေးရန် ကျန်ရှိသည့်ကျေးရွာအုပ်စုများအား ဆက်လက်၍ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

မောင်လွင်(စလင်း)