ပွင့်ဖြူ ဇွန် ၁၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဘဏ္ဍာနှစ်အလိုက် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် မြို့တွင်း၌ ရေကြီးရေလျှံမှု အန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် Box Culvert တံတားတစ်စင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။
အဆိုပါ မြို့ပြသန့်ရှင်းသာယာလှပစေရန်နှင့် ရေကြီးရေလျှံမှုအန္တရာယ်ကင်းဝေးစေရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်သည့် Box Culvert တံတားမှာ အရှည် ၂၂ ပေ ၊ အကျယ် ၆ ပေ၊ အနက် ၄ ပေ ကိုးလက်မရှိပြီး ပွင့်ဖြူမြို့တွင်း စကားဝါလမ်းနှင့် ဆေးရုံလမ်းကြားတွင် တည်ဆောက်နေခြင်းဖြစ်ကာ ယင်း Box Culvert တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ် ဌာန၏ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၇ ဒသမ ၈ သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ Box Culvert တံတားတည်ဆောက်ပြီးစီးပါက မြို့ပေါ်ရပ်ကွက်နေပြည်သူများအတွက် သွားလာရေးအဆင်ပြေစေမည့်အပြင် မြို့ပြသန့်ရှင်းသာယာလှပရေးနှင့် မိုးတွင်းကာလ ရေကြီးရေလျှံမှုအန္တရာယ်မှ ကင်းဝေးစေမည် ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )