လွိုင်ကော် ဇွန် ၁၂
ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (လွိုင်ကော်)ကို ၂၀၂၆ ခုနှစ်အတွင်း သူနာပြုသိပ္ပံ (လွိုင်ကော်) အဖြစ် အဆင့်မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ လွိုင်ကော်မြို့ရှိ သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (လွိုင်ကော်)ကို အဆင့်မြှင့်တင် တိုးမြှင့်ဖွင့်လှစ်နိုင်ရေးအတွက် သူနာပြုသိပ္ပံ (လွိုင်ကော်) ဆိုင်းဘုတ်အသစ် တည်ဆောက်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ထို့အပြင် သူနာပြုသိပ္ပံအင်္ဂါရပ်နှင့်အညီ စာသင်ဆောင်များ ဥပဓိရုပ်ကောင်းမွန်စေရေး၊ ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပစေရေး၊ စာသင်ခန်းများ စနစ်တကျရှိစေရေး၊ ကွန်ပျူတာအခန်း ကျွမ်းကျင်မှုဆိုင်ရာ ပုံစံတူလက်တွေ့သင်ကြားရေးအခန်းနှင့် စာကြည့်တိုက်တို့အား စနစ်တကျပြင်ဆင်မွမ်းမံနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါသူနာပြုနှင့် သားဖွားသင်တန်းကျောင်း (လွိုင်ကော်)ကို ၁၉၉၃ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး၊ နှစ်စဉ်သူနာပြုဒီပလိုမာများကို စနစ်တကျလေ့ကျင့်သင်ကြားပေးလျက်ရှိရာ ယခုအချိန်အထိ သူနာပြုပေါင်း (၁၃၈၇) ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (လွိုင်ကော်)ကို ၂၀၂၆ ခုနှစ်အတွင်း သူနာပြုသိပ္ပံ (လွိုင်ကော်) အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)