ပေါင်းတည်၌ ၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရေး စတင်ဆောင်ရွက်

ပေါင်းတည် ဇွန် ၁၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးထုတ်လုပ်ရေးအတွက် တောင်သူများ လယ်လုပ်ငန်းခွင်ဆင်း၍ စတင်ဆောင်ရွက်လျက်ရှိသည်။

ယခုနှစ် မိုးဦးကာလတွင် ပေါင်းတည်မြို့နယ်၌ မိုးရွာသွန်းမှုကောင်းမွန်လျက်ရှိပြီး ရေတော် မိုးတော်ဖြင့် စိုက်ပျိုးထုတ်လုပ်မည့် မိုးစပါးအတွက် တောင်သူများသည် စိုက်ပျိုးမြေ ထွန်ယက်ခြင်းလုပ်ငန်းကို စက်မှုလယ်ယာဦးစီးဌာနနှင့်ပူးပေါင်း၍ ထွန်စက်ကြီး၊ ထွန်စက်ငယ်များဖြင့်လည်းကောင်း၊ အချို့တောရွာများတွင် ကျွဲ၊ နွားများ အသုံးပြု၍ ထွန်တုံးများဖြင့်လည်းကောင်း၊ မြေပြုပြင်ထားသည့် လယ်မြေများ‌ပေါ်တွင် စတင်ထွန်ယက်လျက်ရှိကြသည်။

ယခုနှစ် နွေကာလတွင် တောင်သူများသည် မိမိတို့စိုက်ပျိုးမြေများတွင် နေရောင်ခြည်ဖြင့် ပိုးမွှားများကင်းစင်စေရန် ထယ်ရေးခံထားခဲ့ကြကြောင်း၊ သဘာဝမြေဩဇာများဖြစ်သည့် နွားချေး၊ သစ်စိမ်းမြေဩဇာများ (ပိုက်ဆံလျှော်ပင်)၊ သဘာဝမြေဩဇာမှုန့်များနှင့် ထုံးမှုန့်များဖြူး၍ စိုက်ပျိုးမြေများကို ပြုပြင်ထားကြကြောင်း သိရသည်။

နွေကာလတစ်လျှောက် မြို့နယ်စိုက်ပျိုးမှု ကြီးကြပ်ရေးကော်မတီအဖွဲ့က နွေစပါး ဖြစ်ထွန်းအောင်မြင်ရေးနှင့်အတူ တောင်သူများအား စိုက်ပျိုးရေးသွင်းအားစု အကုန်အကျသက်သာစေရန်နှင့် အကျိုးရလာဒ် ပိုမိုရရှိခံစားနိုင်စေရန် သဘာဝမြေဩဇာများတွင် ကျယ်စွာအသုံးပြုလာနိုင်ရေးတို့ကို အသိပညာပေးနှိုးဆော်ကာ ရိုးရှင်းလွယ်ကူ‌သော သဘာမြေဩပြုလုပ်နည်း သရုပ်ပြပွဲများပြုလုပ်ကာ တောင်သူများအား ပြသပေးထားကြောင်း သိရသည်။

ရွှေသား (IPRD)