ကျောက်တံတား ဧပြီ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်ရှိ ဆံတော်ရှင်ဆူးလေစေတီတော်မြတ်ကြီး၏ (၄၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအား ကဆုန်လပြည့်နေ့ ယနေ့နံနက် ၅ နာရီအချိန်က ဆံတော်ရှင်ဆူးလေစေတီတော်ရင်ပြင်ရှိ ကျက်သရေဆောင်ခန်းမ၌ ကျင်းပသည်။
ဦးစွာအခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ပူဇော်ဖွင့်လှစ်ပြီးနောက် မဟာသိမ်တော်ကြီး ပရိယတ္တိစာသင်တိုက်ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဓမ္မမာမက အရှင်ကေသရအမှူးပြုသော သံဃာတော်ကြီးများထံမှ နဝင်္ဂသီလခံယူတည်ဆောက်ကာ အန္တရာယ်ကင်းပရိတ်နှင့် အနုမောဒနာတရားများနာယူကြသည်။
ဆက်လက်၍ ဆရာတော်သံဃာတော်များ၏ ပစ္စည်းလေးပါးအလို့ငှါ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေပြီးနောက် မြောက်ဘက်မုခ် ဗောဓိပင်တန်ဆောင်း၌ မဟာသိမ်တော်ကြီး ပရိယတ္တိဆရာတော်ကြီးအမှူးပြုသော သံဃာတော်အရှင်သူမြတ်များက ဗောဓိညောင်ရေသွန်းလောင်းသည့် ပါဠိတော်များရွတ်ဖတ်ကာ ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက ညောင်ရေများ သွန်းလောင်းကြသည်။
အဆိုပါ ကဆုန်ညောင်ရေသွန်းလောင်းပွဲအခမ်းအနားသို့ ဆံတော်ရှင်ဆူးလေစေတီတော် ဂေါပကအဖွဲ့နာယက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကျောက်တံတားခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဥက္ကာနှင့်အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးသိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းနိုင်နှင့် ကျောက်တံတားခရိုင်အတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ ကျောက်တံတားခရိုင်အတွင်းရှိ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်