မကွေးမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့်စာအုပ်ပြပွဲ ကျင်းပ

မကွေး ဇွန် ၁၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က (ခွဲ)​​ ကန်သာ ကျောင်း၌ ကျင်းပသည်။​

ဦးစွာ အသိပညာပေးဟောပြောပွဲတွင် အ.ထ.က (ခွဲ) ကန်သာကျောင်းမှ ဒေါ်ရီရီသန်း (အထက်တန်းပြ) ဆရာမကြီးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးအသိပညာပေးအကြောင်း ရှင်းလင်းပြောကြားခဲ့​ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး” ခေါင်းစဥ်ဖြင့် မူးယစ်​ဆေးဝါးအမျိုးမျိုး၊ မူးယစ်​​ဆေးဝါးသမိုင်းကြောင်း၊ မူးယစ်​ဆေးဝါးအန္တရာယ်စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲရခြင်းအ​ကြောင်းအရင်းများနှင့် မူးယစ်​ဆေးဝါးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများစသည့် အကြာင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား /ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်ကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များကိုဖတ်ရှုလေ့လာခဲ့ကြသည်။ အဆိုပါအသိပညာပေးဟော‌‌ပြောပွဲသို့ ဆရာ၊ ဆရာမများ၊ ကျောင်းသား​၊ ကျောင်းသူများ စုစု​ပေါင်း (၂၅၀) ဦး တက်​ရောက်ခဲ့​ကြောင်းသိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)