မင်းဘူး(ကျွဲသိုးမြောင်)-မင်းလှသွား ကားလမ်းပေါ်ရှိ မျက်ကွယ်ကွေ့လမ်းချဲ့ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

အထက်မင်းလှ ဇွန်လ ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့်ကော်မတီဝင်များသည် ယမန်နေ့ နံနက်ပိုင်းက မင်းဘူး(ကျွဲသိုးမြောင်)-မင်းလှလမ်း  (၂၁.၃၂) ကီလိုမီတာ နှင့် (၂၁.၅၂) ကီလိုမီတာကြားအတွင်း ပေ(၄၆၀) မျက်ကွယ်ကွေ့(၁)နေရာတွင် ကွေ့ချဲ့ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့်ကော်မတီဝင်များ၊ မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိနှင့်တာဝန်ရှိသူများသည် လမ်းဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေ (၄၈)သန်းဖြင့် တာဝန်ယူဆောင်ရွက်သည့် မင်းဘူး(ကျွဲသိုးမြောင်)-မင်းလှလမ်း (၂၁.၃၂) ကီလိုမီတာနှင့် (၂၁.၅၂) ကီလိုမီတာကြားအတွင်း မျက်ကွယ်ကွေ့(၁)နေရာချဲ့ခြင်းလုပ်ငန်းကို ဇွန်လ ၁၀ ရက်နေ့တွင် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိက လုပ်ငန်းအခြေအနေများကို ရှင်းလင်းခဲ့သည်။

ဆက်လက်၍ ယာဉ်များအန္တရာယ်ကင်းရှင်းစွာမောင်းနှင်နိုင်ရေးအတွက် မြို့နယ်လမ်းဦးစီးဌာနမှဆောင်ရွက်ထားသည့် လမ်းအမှတ်အသားများနှင့် အချက်ပြဆိုင်းဘုတ်များဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ဝင်းမြတ်(အထက်မင်းလှ)