ဒေးဒရဲမြို့နယ်၊ အကယ်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ဒေးဒရဲ ဇွန် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက ​​အကယ်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူများ အသိဥာဏ်ပညာနှင့် စဥ်းစားတွေးခေါ်မှုစွမ်းရည်များ ဖွံ့ဖြိုးလာပြီး နိုင်ငံတော်နှင့် မိမိပတ်ဝန်းကျင်ကို အကျိုးပြုနိုင်မည့် လူငယ်များပေါ်ထွန်းလာစေရန် လူငယ်စကားဝိုင်းများ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပရာ ဦးစီးအရာရှိ ဒေါ်ြမင့်မြင့်ခိုင်က ဦးဆောင်ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် မသန့်သန့်က လူငယ်နှင့် ယဥ်ကျေးမှု၊ မမိုးမြင့်ကြယ်က လူငယ်နှင့် မူးယစ်ဆေးဝါး၊ မောင်ဇွဲမောင်မောင်က လူငယ်နှင့် အားကစား၊ မောင်တင်ကိုဝင်းက လူငယ်နှင့် စာပေ၊ မခင်လေးဆွေက လူငယ်နှင့်ကိုယ်ကျင့်တရား စသည့် ခေါင်းစဥ်တို့ဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခြင်းကို ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ပပဖြိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါစကားဝိုင်းအပြီးတွင် တက်ရောက်လာသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အေဇာလင်း