ဖျာပုံမြို့၌ ရက်(၁၀၀)စီမံချက်မှုခင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

ဖျာပုံ ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များကို သိရှိစေရန်၊ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ လူကုန်ကူးခြင်းမှ ရှောင်ရှားနိုင်စေရန်နှင့် ယာဥ်စည်းကမ်းလမ်းစည်းကမ်းကို သိရှိလိုက်နာတတ်စေရန်ရည်ရွယ်၍ ဖျာပုံမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဆောင်သော တာဝန်ရှိသူများမှ မှုခင်းအသိပညာပေးဟောပြောပွဲကို ဇွန်လ(၁၀)ရက်နေ့ နံနက်ပိုင်းအချိန်က ဖျာပုံမြို့ အ.ထ.က(၄) ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါမှုခင်း အသိပညာပေးဟောပြောပွဲတွင် ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်သူလင်းက အဖွင့်အမှာစကားပြောကြားပြီးဖျာပုံမြို့မရဲစခန်းမှူးဒုရဲမှူး မျိုးထွန်းဦးမှ "မှုခင်းရေးရာ အဖြာဖြာ သိမှတ်စရာ" ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဖျာပုံမြို့နယ်မူးယစ်တပ်ဖွဲ့စု၊ အမှတ်( ၅၀)တာဝန်ခံ ဒုရဲမှူးစိုးရန်လင်းမှ "မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ မှုခင်းများနှင့် သတိပြုရှောင်ကျဥ်ရမည့် အချက်များ" ခေါင်းစဥ်ဖြင့် လည်းကောင်း၊ မြို့နယ် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စု၊ အမှတ်(၃) ရဲအုပ်အောင်ထွန်းဦးမှ "လူကုန်ကူးမှုဖြစ်စဥ်များနှင့် ပြစ်မှု၊ ပြစ်ဒဏ်များ" အကြောင်း ခေါင်းစဥ်ဖြင့် လည်းကောင်း၊ဖျာပုံမြို့နယ် ယာဥ်ထိန်းတပ်ဖွဲ့စု၊ အမှတ်(၈၀) တာဝန်ခံ

ရဲအုပ်စိုးမိုးသူမှ "ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်ကင်းဝေးစေရေး "ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးအသိပညာပေးဟောပြောကြသည်။

ထို့နောက် ဖျာပုံမြို့ အ.ထ.က (၄)ကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဇောက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး  ကျော်သူလင်းနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ မှုခင်းအသိပညာပေးလက်ကမ်းစာစောင်များအား ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်သို့ ဖြန့်ဝေပေးခဲ့ကြသည်။ အဆိုပါမှုခင်းအသိပညာပေးဟောပြောပွဲသို့ ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်သူလင်းနှင့် တာဝန်ရှိသူများ၊ အ.ထ.က (၄)ကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးကျော်ဇောနှင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦးကျော် တက်ရောက်ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)