ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် နေရောင်ခြည် စွမ်းအင်သုံး (၃၀)မဂ္ဂါဝပ်လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပွဲ အခမ်းအနား တက်ရောက်

ပုသိမ် ဇွန် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်စက်မှုစီမံကိန်းရုံးတွင် Helio Power Energy Co.Ltd ၏ နေရောင်ခြည်စွမ်းအင်သုံး (၃၀)မဂ္ဂါဝပ်လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် မိတ်ဖက်ကုမ္ပဏီများအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မိတ်ဖက်ကုမ္ပဏီများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာရေး၊ စက်မှုဇုန်ဧရိယာများ နေ့စဉ်လုပ်ငန်းများ လည်ပတ် နိုင်ရေး၊ စက်မှုလုပ်ငန်းများတိုးချဲ့ ဆောင်ရွက်နိုင်ရေးတို့အတွက် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်သည် အဓိကအရေးကြီးသော အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်ကြောင်း၊ နေရောင်ခြည်စွမ်းအင်ကို အကျိုးရှိစွာ အသုံးချခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တရားဥပဒေနှင့်အညီ ဆောင်ရွက်သည့် ရင်းနှီးမြှုပ်နှံမှုများကို အစဉ်ကြိုဆိုအားပေးသွားမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားကို အလေးထားသော စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သော ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ယခုစီမံကိန်းကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ပြီး ဧရာဝတီတိုင်းဒေသကြီး၏ စွမ်းအင်ဖူလုံရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုမည့် စံပြစီမံကိန်းတစ်ခု ဖြစ်လာပါစေကြောင်း” အမှာစကားပြောကြားခဲ့သည်။

ထို့နောက် စီမံကိန်းဆိုင်ရာအချက်အလက်များနှင့် မိတ်ဖက်ကုမ္ပဏီများမှ မိတ်ဆက်ခြင်းအား Infographic ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ရှေ့မှောက်တွင် Helio Power Energy Co.Ltd နှင့် မိတ်ဖက်ကုမ္ပဏီများက နားလည်မှုစာချွှန်လွှာများ အပြန်အလှန်ရေးထိုးကာ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံစီမံကိန်းကို စုစုပေါင်းမဂ္ဂါဝပ်(၉၀) ထုတ်လုပ်မည်ဖြစ်ပြီး စီမံကိန်း၏ ပထမအဆင့် (၃၀) မဂ္ဂါဝပ်ကို စတင်အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ရာ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးပါက ဒေသ၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းပေးနိုင်ရုံသာမက စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလက်မှုနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း သိရှိရပါသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)