စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

မုံရွာ ဇွန် ၁၁

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၁၀ ရက်၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး MSME ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး MSME ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အသေးစား၊အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။  

ဦးစွာ တိုင်းဒေသကြီး MSME ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးအား အခြေခံသည့် ကုန်ထုတ်လုပ်မှု MSME လုပ်ငန်းများအတွက် အလားအလာကောင်းများစွာရှိသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများ ဖွံဖြိုးတိုးတက် အောင်မြင်မှသာ နိုင်ငံတော်၏ စီးပွားရေးမောင်းနှင်အား အရှိန်အဟုန်မြင့်တက်လာ မည်ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လုပ်ငန်းရှင်များလိုအပ်မည့် စက်သုံးဆီ၊ စားသုံးဆီ၊ လျှပ်စစ်မီး၊ ကုန်ကြမ်းပစ္စည်းများနှင့် ချေးငွေများ အဆင်ပြေစွာ ရရှိနိုင်ရေးအတွက် တာဝန်ရှိသူအားလုံးနှင့် စနစ်တကျ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှသာ လုပ်ငန်းရှင်များအနေဖြင့်လည်း စီးပွားရေးများ အဆင်ပြေသကဲ့သို့ ဒေသခံပြည်သူများအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိစေနိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့ကြုံတွေ့နေရသည့် လုပ်ငန်း အခက်အခဲများ၊ လိုအပ်ချက်များအား ယခုတွေ့ဆုံရာတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြသွားကြရန်နှင့် မိမိတို့တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး MSME ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့က တိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်း ပြောကြားကြသည်။   

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး MSME ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့ဝင်များနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းရှင်များက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် MSME လုပ်ငန်းအခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအပေါ် လိုအပ်သည်များကို အသီးသီး ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)