ဟင်္သာတ ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းကစတင်၍ အခြေခံပညာကျောင်းများရှိ မုန့်စျေးတန်းများနှင့် စားသောက်ဆိုင်ခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အသိပညာပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာကျောင်းများရှိ ဖွင့်လှစ်ထားသော မုန့်စျေးတန်းများကို သွားရောက်ပြီး ခွင့်မပြု ဓါတုဆိုးဆေးများပါဝင်သော မုန့်များရောင်းချခြင်း ရှိ/မရှိ၊ လက်လုပ်မုန့်များ၊ အသုတ်များရောင်းချရာတွင် ယင်မနားစေရန် အဖုံးအအုပ်များထားရှိရေး၊ ကျောင်းစျေးသည်များ ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက်ရှိရန်နှင့် ရင်ကာ၊ လက်အိတ်၊ ခေါင်းစွတ်များဝတ်ဆင်၍ ရောင်းချခြင်းတို့ကိုစစ်ဆေးခြင်း၊ အသိပညာပေးခြင်း ဆောင်ရွက်ကြသည်။
ဆက်လက်၍ ပူးပေါင်းအဖွဲ့ဝင်များသည် စားသောက်ဆိုင်များသို့ ဝင်ရောက်စစ်ဆေးပြီး ဝန်ထမ်းများ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် ကျန်းမာရေးကောင်းမွန်ကြောင်း ဆေးမှတ်တမ်းများထားရှိရန်နှင့် မချက်ပြုတ်မီ ကုန်ကြမ်းပစ္စည်းများ စနစ်တကျထားသိုရန်နှင့် ချက်ပြုတ်ပြီး အစားအသောက်များအား သန့်ရှင်းစွာထားရန်၊ စားသုံးရန်မသင့် ကြေညာထားသော ငံပြာရည်၊ အရောင်တင်မှုန့်၊ ငြုပ်သီးမှုန့်များ ထည့်သွင်ူချက်ပြုတ်ခြင်းမပြုရန်၊ အမှိုက်ပုံးများ အလုံအလောက် ထားရှိရန်တို့ကို စစ်ဆေးမှာကြားခဲ့ကြောင်း သိရသည်။
ထက်မြက်(IPRD)