လိပ်သို ဇွန် ၁၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာများမှ ဒေသခံများမှာ နှစ်ရှည်၊ နှစ်တိုသီးနှံပင်များစိုက်ပျိုးခြင်းဖြင့် အသက် မွေးဝမ်းကျောင်းလျက်ရှိရာ ငှက်ပျောမျိုးစုံကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားကြပြီး ဒေသထွက် ငှက်ပျောသီးများ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
ဒေသခံများမှာ ငှက်ပျောပင်များကို မိမိတို့၏ ဥယျာဉ်ခြံမြေနှင့် တောင်ယာများတွင် ကြားညှပ်သီးနှံအဖြစ်လည်းကောင်း၊ အိမ်ခြံဝင်းအတွင်းရှိ မြေလွတ်မြေလပ်များတွင် တစ်နိုင်တစ်ပိုင်အဖြစ်လည်းကောင်း သီးမွှေး၊ ရွှေနီ၊ ရွှေဖြူ၊ ရခိုင်၊ ဖီးကြမ်းစသည့် ငှက်ပျောမျိုးများကို စိုက်ပျိုးကြ ကြောင်း သိရသည်။
ဒေသထွက် သဘာဝအော်ဂဲနစ် ငှက်ပျောသီးများမှာ လိပ်သိုမြို့ပေါ်ရှိ ဈေးဆိုင်များတွင် အမျိုးအစားနှင့် အရွယ်အစားပေါ်မူတည်၍ ငှက်ပျောသီးတစ်လုံးလျှင် (၂၀၀) ကျပ်မှ (၅၀၀) ကျပ်နှင့် ငှက်ပျောသီးတစ်ဖီးလျှင် (၄၀၀ဝ) ကျပ်မှ (၅၀၀၀) ကျပ်အထိ ဈေးကောင်းရလျက် ရှိကြောင်း၊ ငှက်ပျောသီးများကို စားသုံးရန်၊ လက်ဆောင်ပေးရန်နှင့် ငှက်ပျောကြော်ပြုလုပ် ရောင်းချရန်အတွက် အများဆုံး ဝယ်ယူကြပြီး ဒေသခံအချို့မှာ ငှက်ပျောသီးများကို ပျားရည်စိမ်ပြီး အခြောက်လှန်းကာ ငှက်ပျောခြောက်များ ပြုလုပ်ရောင်းချလျက်ရှိကြကြောင်း သိရသည်။
နော်ဖလောရင်း