ကြံခင်းမြို့၌ ခွေးကိုက်မှုဖြစ်စဉ်များလျော့နည်းစေရေး မြို့နယ်အဆင့်လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ကြံခင်း ဇွန် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ခွေးကိုက်မှုဖြစ်စဉ်များလျော့နည်းစေရေး မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဆေးရုံအုပ်ကြီး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာလှထွန်းဇော်က အဖွင့်အမှာစကားပြောကြားပြီး၊ ခွေးကိုက်ခံရခြင်းကြောင့် နောက်ဆက်တွဲဖြစ်ပွားတတ်သော ခွေးရှုးရောဂါသွင်ပြင်လက္ခဏာများနှင့် ခွေးရှုးရောဂါဖြင့် သေဆုံး မှုတို့ကို Power Point ဖြင့် အကျယ်တဝံ့ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာကြသူများက ခွေးရူးပြန်ရောဂါ ကာကွယ်ရေးနည်းလမ်းများ၊ ခွေးလေ ခွေးလွင့်များပပျောက်ရေး၊ ကာကွယ်ဆေးထိုးနှံထားသော အိမ်မွေးတိရိစ္ဆာန်များ ကူးစက်မှုမဖြစ်ပွား စေရန် ရှောင်ရှားရမည့်လုပ်ငန်းစဉ်များအား မေးမြန်းကြရာ ဒေါက်တာလှထွန်းဇော်၊ ဒေါက်တာ မျိုးအိအိထွန်း၊ ကျန်းမာရေးမှူးအဆင့်(၁) ဦးကျော်ကျော်ဆန်းတို့က အသီးသီးပြန်လည်ဖြေကြားခဲ့ကြပြီး၊ အခမ်းအနားသို့ တက်ရောက်လာကြသူများအား ခွေးရူးပြန်ရောဂါအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနဝန်ထမ်းများ၊ ဘက်ရဲတိုက်နယ်ဆေးအုပ်ကြီး၊ ဆိပ်သာတိုက်နယ်ဆေးရုံအုပ်ကြီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး ဒုဥက္ကဋ္ဌနှင့်အဖွဲဝင်များ၊ ကြံခင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှတာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်တော်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)