ပွင့်ဖြူ ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီက မဲဇလီရေလွှဲဆည်ရေဖြင့်စိုက်ပျိုးခဲ့သော ဆီထွက်သီးနှံနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
"ဒီနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ နှမ်းစိုက်ဧက ၅၇၆၂၅ ဧကစိုက်ပျိုးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ စိုက်ပျိုးထားတဲ့ နှမ်းစိုက်ခင်းတွေဟာ အသီးအပွင့်များဖြင့်ဝေဆာပြီး ဖြစ်ထွန်းအောင်မြင်လျက်ရှိပါတယ်။ နှမ်းစိုက်ပျိုးတာနဲ့ပတ်သက်ပြီး အထွက်နှုန်းတိုးတက်စေဖို့နဲ့ အရည်အသွေးကောင်းတဲ့ ဆီထွက်သီးနှံတွေရရှိစေဖို့အတွက်လိုအပ်တဲ့ မျိုးကောင်းမျိုးသန့်တွေရရှိအောင်၊ GAP နည်းစနစ်နဲ့ အညီ စိုက်ပျိုးနိုင်အောင်၊ သွင်းအားစုတွေနဲ့ စိုက်ပျိုးရေစနစ်တကျသုံးစွဲရေးတို့ကို အသိပညာပေးတာတွေဆောင်ရွက်ပေးခဲ့ပါတယ်။ သီးနှံရိတ်သိမ်းချိန်မှာလဲ အထွက်နှုန်းလျော့နည်းမှုတွေမဖြစ်အောင် သီးနှံအချိန်မီရိတ်သိမ်းခြွေလှေ့နည်းပညာများကိုလဲ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများက ဒေသတွင်းဆီစားသုံးမှုဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ မဲဇလီရေလွှဲဆည်ရေဖြင့် တစ်မြို့နယ်လုံး နွေနှမ်းစိုက်ဧက ၅၇၆၂၅ ဧက စိုက်ပျိုး နိုင်ခဲ့ကြောင်း၊ အဆိုပါ စိုက်ပျိုးထားရှိသော နွေနှမ်းစိုက်ခင်းများမှာ စိုက်ပျိုးရေဖူလုံမှုနှင့် ပိုးမွှားရောဂါကျရောက်မှုမရှိသဖြင့် အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရိတ်သိမ်းချိန်၌ အထွက်နှုန်းကောင်းမွန်ရေးနှင့် ဈေးကောင်းရရှိရေးအတွက် ဒေသခံတောင်သူများ မျှော်လင့်လျက်ရှိနေကြကြောင်း သိရသည်။
နှမ်းကို အထွက်နှုန်းနှင့်အရည်အသွေးကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းဆီစားသုံးမှုကို ဖူလုံစေမည့်အပြင် ပိုလျှံမှုကိုရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် နှမ်းကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )