ပခုက္ကူမြို့နယ်၌ Placement Test(အထူးအစီအစဉ်) ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာတင်သွင်းထားသူ ဦးရေ (၁၆၀၀)ကျော်ရှိ

ပခုက္ကူ ဇွန် ၁၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ဆက်လက်သင်ယူခွင့်ရရှိရေးအတွက် Placement Test (အထူးအစီအစဉ်)ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာသွင်းထားသူဦးရေ(၁၆၀၀) ကျော်ရှိကြောင်း သိရသည်။

"၂၀၂၁-၂၀၂၂ပညာသင်နှစ်မှစတင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိပြီး ကျောင်းရပ်နားထားခဲ့ရသော ကလေးများကိုပညာအရည်အချင်းအရလည်းကောင်း၊ အသက်အရွယ်အရလည်းကောင်း သင့်လျော်ကိုက်ညီသည့် အခြေခံပညာကျောင်းများရှိ မူလတန်း၊အလယ်တန်းတို့တွင် ဆက်လက်တက်ရောက်ပညာသင်ယူခွင့်ရရှိနိုင်ရေးအတွက် အရည်အချင်းစစ်စာမေးပွဲကျင်းပမည့် Placement Test (အထူးအစီအစဉ်)အတွက် လျှောက်လွှာများကို မေလ ၂၂ ရက်မှစတင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ဇွန်လ ၁၀ ရက်နေ့အထိ Grade-1မှ Grade-5အထိ မူလတန်းအဆင့်(၁၀၀၃)ဦး၊ Grade-6မှ Grade-8အထိ အလယ်တန်းအဆင့် (၆၅၁)ဦး၊ စုစုပေါင်း ကျောင်းနေအရွယ်ကလေး (၁၆၅၄)ဦး လာရောက်လျှောက်လွှာတင်သွင်းကြကြောင်း၊ အရည်အချင်းစစ်စာမေးပွဲများကို ဇွန်လ၁၅ရက်မှ ၂၀ ရက်နေ့အထိ သတ်မှတ်စာစစ်ဌာနများ၌ ကျင်းပသွားမည်ဖြစ်ပြီး လျှောက်လွှာများကို ဇွန်လ ၁၄ ရက်အထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း" မြို့နယ်ပညာရေးမှူးထံက သိရသည်။   

ဘာမီသာ(ပခုက္ကူ)