ပခုက္ကူမြို့နယ်၌ တောင်သူများ၏ အဓိကသီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲ ပြုလုပ်

ပခုက္ကူ ဇွန် ၁၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)ကာလအတွင်း တောင်သူများ၏ အဓိကသီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲကို ဇွန် ၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

ပထမဦးစွာ ပခုက္ကူမြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစန်းလွင်က တောင်သူများ၏ အဓိကသီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရေးနှင့်ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုးကောင်းမျိုးသန့်အသုံးပြုစိုက်ပျိုးရေးနှင့်  GAPစနစ်လိုက်နာကျင့်သုံးစေရေးများ၊ မြို့နယ်သမဝါယမဦးစီးမှူး ဦးမြင့်လွင်က သမဝါယမစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကုန်ထုတ်လုပ်ငန်းများ အောင်မြင်တိုးတက်ရေး၊ MSME လုပ်ငန်းများတွင် လယ်ယာကုန်ထုတ်အသင်းများမှ ထုတ်ကုန်များအသုံးပြုနိုင်ရေးများ၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးသန်းဌေးလွင်က စိုက်ပျိုးမြေပိုင်ဆိုင်မှုဆိုင်ရာပုံစံ(၇)ပါ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအကြောင်းတို့ကို နည်းပညာပေးဆွေးနွေးဟောပြောကြသည်။

အဆိုပါဆွေးနွေးပွဲတွင် ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၁၁)အုပ်စု၊ ကျေးရွာ(၁၃)ရွာမှတောင်သူများတက်ရောက်ကြပြီး နည်းပညာပေးဆွေးနွေးမှုများအပေါ် သိရှိလိုသည်များမေးမြန်းကြရာ ဌာနအလိုက်ပြန်လည်ရှင်းလင်းဆွေးနွေးကာလိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)