သဲကုန်းမြို့နယ်တွင် ကောက်စိုက်စက်ဖြင့်ရေဆင်းပေါ်ဆန်း(၁)စပါး(၇) စိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

သဲကုန်း ဇွန် ၁၀

နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကောက်စိုက်စက်ဖြင့်ရေဆင်းပေါ်ဆန်း(၁)စပါး(၇) စိုက်ပျိုးပြသခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက် (၈)နာရီအချိန်က လက်ပံလုံးလအုပ်စု၊ ကွင်းအမှတ်၉၅၇(ခ)၊ တောင်သူဦးသန်းဇော်၏လယ်မြေ(၇)ဧကတွင်ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံ ခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးယဉ်ထွေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ  ဦးအောင်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုအဖွဲ့ဝင်များနှင့် ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြသည်။

သဲကုန်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသော ဒေသခံတောင်သူများအနေဖြင့် မိုးစပါးစိုက် ဧကများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များမှ ကြီးကြပ်၍ မျိုးစေ့ချ ကိရိယာ(Drum Seeder)ဖြင့် စိုက်ပျိုး​ခြင်း၊ ကောက်စိုက်စက်/လက်ဆွဲ ကောက်စိုက် စက်ဖြင့် စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်း နည်းစနစ် များဖြင့် မိုးစပါး စုစုပေါင်း(၈၂၆၁၀)ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ စိုက်ပျိုးနည်း စနစ်များအား ကွင်းသရုပ် ပြသခြင်း၊ နှစ်စဥ်မျိုးကောင်းမျိုးသန့် မျိုးစေ့များကို ပံ့ပိုးပေးခြင်း၊ သဘာဝမြေသြဇာ ပြုလုပ် နည်းများ သရုပ်ပြသခြင်း၊ သွင်းအားစု ဓာတ်မြေသြဇာ များကို သက်သာသော စျေးနှုန်းဖြင့် တောင်သူများအား ဖြန့်ဖြူးပေးခြင်း၊ ပိုးမွှားရောဂါ ကာကွယ်ရေးနှင့် စိုက်ပျိုးနည်းပညာများ လက်တွေ့ကွင်းဆင်းသရုပ်ပြသပေးခြင်း လုပ်ငန်းများ၊ စိုက်ပျိုးနည်းစနစ် သင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့် တောင်သူအသိပညာပေး​ဟောပြောပွဲများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။.

ကိုကျော်(သဲကုန်း)