ကော့ကရိတ် ဇွန် ၁၁
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ စာပေချစ်မြတ်နိုးသူများနှင့်အတူ စာရေးဆရာမ ခင်စောတင့်ရေးသားသည့် စွန့်စားမှုဆီသို့ ခြေတစ်လှမ်းစာအုပ်အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါဝင်းအေးက စာဖတ်ဝိုင်းပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးကော်မတီဥက္ကဌ ဒေါ်ဝါဝါနွယ်က စွန့်စားမှုဆီသို့ ခြေတစ်လှမ်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ မနေခြည်ငြိမ်းက လူတန်းစားအလွှာ မခြားနားစေရာ ခေါင်းစဉ်တို့ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ စာပေချစ်မြတ်နိုးသူ မနီလာလွင်က လူတွေဟာ သူတို့ရဲ့ကြင်နာမှုတွေနက်ရှိုင်းဖို့ မတူကွဲပြားတဲ့ သဘောထားစရိုက်ကို နားလည်ခံစားတတ်ဖို့၊ ချစ်ခြင်းတရားမှာ မေတ္တာဓါတ်ရဖို့ နှစ်ပေါင်းများစွာ ပေးဆပ်ဖို့လိုကြောင်း၊ ချစ်ခြင်းမေတ္တာမှာ ရိုးသားဖြောင့်မတ်ပြီး တန်ဖိုးထားတတ်ဖို့လိုကြောင်း၊ မကြည်လင်တဲ့စိတ်နေ သဘောထားများ ဖယ်ရှားပစ်နိုင်မည့် နည်းလမ်းမှာ ရင်ဖွင့်ပြောပစ်လိုက်ဖို့လိုပါကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)