၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အကြို အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ပြည် ဇွန် ၁၀

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် "မြန်မာအမျိုးသမီးများနေ့"ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြည်မြို့၊အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်း၊ သိရီရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းဆိုင်မိုနွမ်က အဖွင့်အမှာစကား ပြောကြားပြီး အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ(၁၃)ဦးက သတ်မှတ်ခေါင်းစဉ် များအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား ပြည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းဆိုင်မိုနွမ်နှင့် ပြည်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်တင်တင်ခိုင်တို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်းနှင့် အကဲဖြတ်ဒိုင်လူကြီး အဖွဲ့အား မေတ္တာလက်ဆောင်များ ပေးအပ်ချီးမြှင့်ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

အခမ်းအနားသို့ ပြည်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းဆိုင်မိုနွမ်နှင့် အဖွဲ့ဝင်များ၊ ပြည်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်တင်တင်ခိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲအကဲဖြတ်ဒိုင်လူကြီးများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဝဏ္ဏထွန်း (ပြန်/ဆက်)