ဇီးကုန်းမြို့နယ်၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း မွေးမြူရေးသင်တန်းသားရရှိရေး အသိပညာပေးဟောပြော

ဇီးကုန်း ဇွန် ၁၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြိုနယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း မွေးမြူရေးသင်တန်းသားရရှိရေး အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (မြို့မ) ၌ ယမန်နေ့က ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းဌေးနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန နတ်တလင်းခရိုင်ဦးစီးမှူး ဒေါ်အိဝေကျော်တို့မှ လျှောက်ထားမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်မင်းဦးက Grade-9 ပြီးမြောက်အောင်မြင်ပြီး အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် မွေးမြူရေးအတတ်ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများ၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း မွေးမြူရေးသင်တန်းသားရရှိရေးတို့ကို စည်းရုံးဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နတ်တလင်းခရိုင်ဦးစီးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ ဆရာမနှင့် စိတ်ပါဝင်စားသော ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)