ကန့်ဘလူမြို့နယ်၌ မိုးစပါး ၁၄၃၇၆၃ ဧကစိုက်ပျိုးရန်လျာထားပြီး ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေးဆောင်ရွက်မည်

ကန့်ဘလူ ဇွန် ၁၀

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၏ ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေးအတွက် ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး ၁၄၃၇၆၃ ဧကစိုက်ပျိုးထုတ်လုပ်နိုင်ရန် လျာထားပြီး စပါး ထုတ်လုပ်မှုတိုးတက်လာခြင်းဖြင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ လူနေမှုအဆင့်အတန်းမြင့်မားလာစေရန်၊ ရာသီဥတုရေမြေဒေသနှင့်ကိုက်ညီသော အထွက်ကောင်းမျိုးများ၊ အရည်အသွေးကောင်းမျိုးများ တိုးချဲ့စိုက်ပျိုးသွားရန် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုကိပျိုးရေးဦးစီးဌာနမှ သိရသည်။

ကန့်ဘလူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဆန်စပါးထုတ်လုပ်မှု တိုးတက်ရေးအတွက် တစ်ဧကအထွက်နှုန်းတိုးတက်ရေး၊ မျိုးကောင်းမျိုးသန့်ထုတ်လုပ်သုံးစွဲရေး၊ လေ့ကျင့်ပညာပေး ရေးနှင့်သုတေသနဖွံ့ဖြိုးရေး ရည်မှန်းချက်များကို အဓိကထား၍ အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ပြီး သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဒေသခံတောင်သူများအား စည်းရုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်ထံမှ သိရသည်။

ကန့်ဘလူမြို့နယ်အတွင်း၌ စပါးစိုက်ဧက တိုးတက်အောင်ဆောင်ရွက်ခြင်း၊ ဆည်ရေကို အကျိုးရှိစွာ အသုံးချဆောင်ရွက်ခြင်း၊ တစ်ဧကအထွက်နှုန်းတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးစေခြင်း၊ သွင်းအားစုများ စနစ်တကျထည့်သွင်းကာ လေလွင့်ဆုံးရှုံးမှုလျော့နည်းစေရန် စီမံတောင်ရွက်ခြင်း၊ ခေတ်မီလယ်ယာသုံးစက်ကိရိယာများကို တိုးတက်သုံးစွဲလာနိုင်စေရန် ပေါင်းစပ်ကူညီပေးခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ တောင်သူများအား စိုက်ပျိုးနည်းစနစ်များဆိုင်ရာ နည်းပညာများဟောပြောခြင်း စသည့် စိုက်ပျိုးရေးနည်းပညာပေး ဆွေးနွေးပွဲများကိုလည်း တိုက်နယ်အလိုက်၊ ကွင်းအလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)