နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ရက် (၁၀၀) စီမံချက်အတွင်း တောင်သူများအား မျိုးစေ့၊ ဓာတ်မြေသြဇာနှင့် ပံ့ပိုးပစ္စည်းများပေးအပ်ပွဲကျင်းပ

နတ်မောက် ဇွန် ၁၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ရက် (၁၀၀) စီမံချက်အတွင်း တောင်သူများအား မျိုးစေ့၊ ဓာတ်မြေသြဇာနှင့် ပံ့ပိုးပစ္စည်းများပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက စာရံအိုင့်ကျေးရွာတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မြင့်မြင့်ချိုက ရက် (၁၀၀) စီမံချက်အတွင်း ဆောင်ရွက်သည့် Quick Win လုပ်ငန်းများဖြစ်သည့် ဒေသအတွင်းစိုက်ပျိုးရေး တောင်သူများ မျိုးကောင်း၊ မျိုးသန့်စိုက်ပျိုးသုံးစွဲလာစေရေးနှင့် တစ်ဧကအထွက်နှုန်း ထိခိုက်မှုမရှိဘဲ ဓာတ်မြေသြဇာလျှော့ချသုံးစွဲ၍ သဘာဝမြေသြဇာပြုလုပ်သုံးစွဲနိုင်မည့် နည်းလမ်းများ၊ ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေးနည်းလမ်းများ၊ မြေပဲ၊ နှမ်း၊ နေကြာစိုက်ပျိုးနည်းစနစ်လုပ်ငန်းများကို ဗီနိုင်းပိုစတာများချိုတ်ဆွဲ၍ ပညာပေးရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် စာရံအိုင့်ကျေးရွာတောင်သူ (၂၀) ဦးအား မျိုးစေ့ဓာတ်မြေသြဇာနှင့် ပံ့ပိုးပစ္စည်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာက ပေးအပ်ခဲ့ကြောင်း သိရသည်။

လှဝင်း