ပန်းတောင်းမြို့နယ်တွင် တောင်သူများနှင့်တွေ့ဆုံ၍ ဘိုင်အိုချာပြုလုပ်နည်းသရုပ်ပြပွဲနှင့် သီးနှံစိုက်ခင်းများအား ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ပန်းတောင်း ဇွန် ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်စိုး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်း၊ ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရနှင့် မြို့နယ်စိုက်ညှိကော်မတီ အဖွဲ့ဝင်များသည် တောင်သူများနှင့်တွေ့ဆုံ၍ ဘိုင်အိုချာပြုလုပ်နည်းသရုပ်ပြပွဲနှင့် သီးနှံစိုက်ခင်းများ စိုက်ပျိုးထားရှိမှုတို့ကို ယမန်နေ့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ တာဝန်ရှိသူများက မြောင်ရှည်ကျေးရွာရှိတောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးစိုက်ဧကအားလုံး ပန်းတိုင်အထွက်နှုန်းရရှိရေး သီးနှံအထွက်နှုန်း မထိခိုက်စေသည့် ဓာတ်မြေသြဇာလျှော့ချသုံးစွဲနိုင်သော နည်းလမ်းတစ်ခုဖြစ်သည့် ဘိုင်အိုချာဇီဝမီးသွေးမြေသြဇာ ပြုလုပ်နည်းလမ်းများကို တောင်သူများ ကိုယ်တိုင်လက်တွေ့ပြုလုပ်နိုင်သည်အထိ အဆင့်ဆင့်သရုပ်ပြသခဲ့ပြီး အထွက်ကောင်းမျိုးကောင်းမျိုးသန့်များ အသုံးပြုစိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သဘာဝမြေသြဇာနှင့် ဓါတ်မြေသြဇာအချိန်ကိုက် အချိုးကျသုံးစွဲရေး၊ ပေါင်းမြက်ကင်းစင်ရေးနှင့် သဲဆန်ကုန်းကြောဧရိယာများတွင် ယာ-၁၄ စပါးမျိုးစိုက်ပျိုးဆောင်ရွက်ရေး မှာကြားခဲ့သည်။

ထို့နောက် အုတ်ဖိုကျေးရွာရှိ နွေနှမ်း​ (မ​ကွေးနှမ်းနက်-2/14) စိုက်ခင်းနှင့် စွယ်တော်ကျေးရွာရှိ မိုးနှမ်း မကွေးနှမ်းနက် (2/14) စိုက်ခင်းများအားလည်းကောင်း၊ ခုံကြီးကျေးရွာရှိ ဟင်းသီးဟင်းရွက်ဇုံ (၇၅) ဧက တစ်အုပ်တစ်မစိုက်ခင်းများအားလည်းကောင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

လပြည့်လင်း(ပြန်/ဆက်)