အိမ်မဲ ဇွန် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တကောကျေးရွာ၊ အ-ထ-က(ခွဲ) တကောကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ကာ လူငယ်နှင့် အောင်မြင်မှု၊စာပေဖတ်ရှုခြင်း၏အကျိုး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်စုမြတ်သဲက လူငယ်နှင့်အားကစား၊ အားကစားနည်း (၄)မျိုး၊နည်းစနစ်မှူးဦးမျိုးမင်းအောင် ကလူငယ်နှင့် ကျန်းမာကြံ့ခိုင်ရေးအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းက စားသုံးသူများ၏အခွင့်အရေးများအကြောင်းတို့ကို အကျယ်တဝင့် ဟောပြောခဲ့သည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်းကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ဒေါ်စုမြတ်သဲတို့နှင့်အတူ အဆိုပါကျောင်းမှ Grade-9 ကျောင်းသား/သူ များဖြစ်ကြသော မောင်ပြည့်စုံဝင်း၊ မောင်သန်းဇော်ထက်၊ မဖြိုးပပဦး၊ နန့်ရှင်းရှင်းဦးတို့က မူးယစ်ဆေးဝါးအန္တရာယ်၊ တစ်ကိုယ် ရေသန့်ရှင်းရေး၊ ဆိုရှယ်မီဒီယာသုံးစွဲခြင်း၏ကောင်းကျိုးဆိုးကျိုးများ၊ လူငယ်နှင့် အားကစားခေါင်းစဥ်များဖြင့် ဦးဆောင် ဆွေးနွေးကြပြီး သိရှိလိုသူများကို တက်ရောက်လာသော ကျောင်းသား/သူများက မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
ထို့နောက် မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသ ရရှိစေမည် စာအုပ်စာစောင်များကို ပြသပေးခဲ့ရာကျောင်းသား/သူများက လေ့လာကြည့်ရှုခဲ့ကြသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)