အထက်မင်းလှ ဇွန်လ ၁၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ဇနီး တိုင်းဒေသကြီးအမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နာယက ဒေါ်အိအိထွန်းနှင့်အဖွဲ့ဝင်များသည် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီး အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နာယက ဒေါ်အိအိထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငယ်ငယ်အောင်က ဆယ်အိမ်စုမှူးသင်တန်းဖွင့်လှစ်ခဲ့မှုအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မြို့ပေါ်ရပ်ကွက်အတွင်းရှိ သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် မသန်စွမ်းသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနများမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ နာယကနှင့်အဖွဲ့ဝင်တို့သည် မလွန်ကျေးရွာရှိ သမိုင်းဝင်မြသပိတ်စေတီတော်ကို ဖူးမြှော်ကြည်ညိုခဲ့ပြီး စေတီမြတ်ကြီးအတွက် နဝကမ္မ အလှူငွေ ကျပ် (၁၀) သိန်း လှူဒါန်းခဲ့သည်။ ဆက်လက်ပြီး ကိုင်း (စံပြ) ကျေးရွာသို့ရောက်ရှိပြီး သုခစန္ဒာဓမ္မာရုံ၌ ကျေးရွာရှိ သက်ကြီး ဘိုးဘွား (၃) ဦးနှင့် မသန်စွမ်း (၁) ဦးအား ထောက်ပံပစ္စည်းပေးအပ်ခြင်း၊ ကျေးရွာရှိ ဆယ်အိမ်စုမှူး သင်တန်းတက်ရောက်ပြီးသူများနှင့် တွေ့ဆုံဆွေးနွေးမေးမြန်းခြင်းများ ဆောင်ရွက်ကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
ယင်းနောက် နာယကနှင့်အဖွဲ့ဝင်တို့သည် ကျေးလက်ဒေသအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်လုပ်ငန်းများအဖြစ် ကျေးရွာအတွင်းရှိနေအိမ်များအား စံပြကျေးရွာသတ်မှတ်ချက်များနှင့် ညီညွတ်မှု ရှိ၊ မရှိ ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)