အထက်မင်းလှ ဇွန် ၁၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ရက် (၁၀၀) စီမံချက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေ (၃၃) သန်းဖြင့် တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် ကွန်ကရစ်လမ်းခင်းခြင်းကို မင်းလှမြို့၊ ရုံးရပ်မြောက်ပိုင်း၊ မီးသတ်ဦးစီးဌာနလမ်း အလျား (၃၀၀) ပေ၊ အနံ (၁၄) ပေနှင့် ထု (၈) လက်မ ကွန်ကရစ်လမ်းခင်းခြင်းကို ၅-၆-၂၀၂၆ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းအရည်အသွေးပြည့်မီရေး၊ ကွန်ကရစ်လမ်းခင်းရာတွင် အချိန်မီပြီးစီးရေးတို့အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ (တာဝန်ခံ) တို့ပူးပေါင်း၍ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ရက် (၁၀၀) စီမံချက်အတွင်း တိုင်းဒေသကြီး အစိုးရရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းအပါအဝင် ဆောင်ရွက်သည့်လုပ်ငန်း (၇) ခုအနက် ဆောင်ရွက်ပြီးစီးလုပ်ငန်း (၆) ခုနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်း (၁) ခုမှာ ၅၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)