မင်းလှမြို့နယ်၌ သီတဂူစက္ခုဒါနအလှူတော်အတွက် မျက်စိအတွင်းတိမ်နှင့် မျက်စိရောဂါစမ်းသပ် စစ်ဆေး

အထက်မင်းလှ ဇွန် ၁၀

မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ မင်းလှမြို့နယ်၌ သီတဂူစက္ခုဒါနအလှူတော်အတွက် မြို့ပေါ်ရပ်ကွက်နှင့် သပြေတောကျေးရွာရှိပြည်သူများကို တောင်တွင်းကြီး မျက်ခမ်းစပ်နှင့် မျက်မမြင်ကာကွယ်ရေးစီမံကိန်းဌာနမှ အတွင်းတိမ်နှင့် မျက်စိရောဂါစမ်းသပ်စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မင်းလှမြို့ ဦးကင်းဓမ္မာရုံနှင့် သပြေတောကျေးရွာရှိ ဘုန်းကြီးကျောင်း၌ စမ်းသပ်စစ်ဆေးခဲ့သည်။

မကွေးတိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ရက် (၁၀၀) စီမံချက်အနေဖြင့် ဆောင်ရွက် သည့် သီတဂူစက္ခုဒါနအလှူတော်အတွက် တောင်တွင်းကြီးမြို့ မျက်ခမ်းစပ်ဌာနမှ ဆရာ၊ ဆရာမများအဖွဲ့နှင့် မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာ စန်းစန်းမိုးနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်နေ အသက် (၄၀) နှစ်အထက် ပြည်သူ (၁၄၂) ဦးနှင့် သပြေတောကျေးရွာနေ အသက် (၄၀) နှစ်အထက် ပြည်သူ (၅၃) ဦးတို့အား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဆီးချိုရောဂါစစ်ဆေးပေးခြင်း၊ အတွင်းတိမ်နှင့်မျက်စိရောဂါ အခမဲ့စမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်ပေးခဲ့ရာ မြို့ပေါ်ရပ်ကွက်နေ အတွင်းတိမ်သံသယလူနာ (၅၃) ဦးနှင့် သပြေတောကျေးရွာနေ အတွင်းတိမ် သံသယလူနာ (၁၁) ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး အဆိုပါ အတွင်းတိမ်သံသယလူနာ စုစုပေါင်း (၆၄) ဦးအား သီတဂူမြင့်မိုရ်စံက္ခုဒါနဆေးရုံ၊ မကွေးမြို့သို့ ဆက်လက်၍ အတွင်းတိမ်အခမဲ့ ထပ်မံစစ်ဆေးခြင်း၊ ဆေးကုသပေးခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)