ကန်ကြီးထောင့်မြို့နယ်၌ လူငယ်ရေးရာအသိပညာ ပေးဟောပြာပွဲကျင်းပ

ကန်ကြီးထောင့် ဇွန် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းက ဒါးကအခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

ရှေးဦးစွာအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးကျော်ဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးနိုင်က ကျောင်းသား၊ ကျောင်းသူများအား စိတ်ပါဝင်စားစွာဖြင့် လိုက်လံမှတ်သားကြရန် အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ တာဝန်ခံမှ လူငယ်ရေးရာကိစ္စရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး စာရေးဆရာကြီး ဦးရွှေအောင်သင်းက “လူငယ်နှင့် အနာဂတ်နိုင်ငံတော်” ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ စာရေးဆရာကြီးမှ ပြန်လည်ဖြေကြားရှင်းလင်း‌ပေးခဲ့သည်။

ထို့နောက် ဒါးကကျေးရွာအုပ်ချုပ်ရေးမှူးမှ စာရေးဆရာကြီးအား အမှတ်တရဂုဏ်ပြုလက် ဆောင်အားပေးအပ်ခဲ့ပြီးနောက် စာရေးဆရာကြီး၏ “ဘဝခါး‌တွေချိုပါစေ” စာအုပ်အား အမှတ်တရ လက်ဆောင်အဖြစ်ပြန်လည် ပေးအပ်ခဲ့ကြရာ အသီးသီးလက်ခံရယူခဲ့ကြကြောင်းသိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)