ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး

ငဖဲ ဇွန် ၁၀

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ရက်(၁၀၀) စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မာန်အောင်ကျေးရွာအုပ်စုမှ တောင်သူလယ်သမားများအား ထုတ်ချေးပေးလျက်ရှိသည်။

ရှေးဦးစွာ ငဖဲမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မန်နေဂျာ ဒေါ်သီသီမာက တောင်သူလယ်သမားများအား ချေးငွေနှုန်းထားတိုးမြှင့်ရေးအစီအစဉ်အရ အချိန်စေ့ရောက်ပြီး နှစ်စဉ်ချေးငွေ အရင်း၊ အတိုးနှင့် ဒဏ်တိုးများ၊ နှစ်တိုချေးငွေနှင့် နှစ်ရှည်ချေးငွေ၏ အရစ်ကျငွေ အရင်း၊ အတိုးများ ပြေကျေစွာပေးဆပ်ပြီး လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ်ပုံစံ(၇)ရှိသည့် တောင်သူများအား ထုတ်ချေးပေးခြင်း ဖြစ်ကြောင်းနှင့် ရာသီဥတုအညွှန်းကိန်းအခြေပြု သီးနှံအာမခံထားရှိရေးကိစ္စရပ်များကို ဆွေးနွေးပြောကြား သည်။

ထို့နောက် ငဖဲမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်သီသီမာနှင့်ဝန်ထမ်းများက မာန်အောင်ကျေးရွာအုပ်စုမှ တောင်သူ ၇၆ ဦး၏ မိုးစပါး ၅၁ ဧက နှင့် နှမ်းသီးနှံ ၃၂၇ ဧက စုစုပေါင်း စိုက်ဧက ၃၇၈ အတွက် ချေးငွေကျပ် ၉၇၀.၅၀ သိန်းကို ထုတ်ချေးပေးခဲ့ကြောင်းနှင့် ယနေ့ထိ ကျေးရွာအုပ်စု ၉ အုပ်စုအား ထုတ်ချေးပြီးစီးပြီး ထုတ်ချေးပေးရန် ကျန်ရှိသည့်ကျေးရွာအုပ်စုများအား ဆက်လက်၍ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)