မကွေး ဇွန် ၁၀
မကွေးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် “ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးသင်တန်း” (အရပ်သား) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဒေသကြီးရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မကွေးတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာအောင်မင်း ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး မကွေးခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဒေါက်တာလှမျိုးသန့် ကအမှာစကားပြောကြားကာ မကွေးမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအေးအေးမော် ကသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းနှင့် ပတ်သက်သည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို ဒေသတွင်းတိရစ္ဆာန်ကူးစက်ရောဂါများနှင့် လူနှင့်တိရစ္ဆာန်အချင်းချင်း ကူးစက်တတ်သော ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန်၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ထိန်းချုပ်ခြင်းလုပ်ငန်း စဉ်များတွင် အရပ်သားပြည်သူများ ကိုယ်တိုင်ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းတွင် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်များကို လည်းကောင်း၊ တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ရောဂါများ နှင့် ရောဂါလက္ခဏာများ၊ ကုသရေးနည်းလမ်းများ၊ ရောဂါမဖြစ်ပွားစေရေး ကာကွယ် ရေးနည်းလမ်းကောင်းများကို သင်တန်းသား (၂၀)ဦးအား (၉-၆-၂၀၂၆) ရက်နေ့မှ (၁၁-၆-၂၀၂၆) ရက်နေ့ထိ စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မောင်ခိုင်မင်း (ပြန်/ဆက်)