ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ၂၇၉၆ ဧက စိုက်ပျိုးမည်

ပွင့်ဖြူ ဇွန် ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ၂၇၉၆ ဧက စိုက်ပျိုးမည် ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဖူးစားပြောင်း ၂၇၉၆ ဧက စိုက်ပျိုးရန်လျာထားပြီး အဆိုပါ ဖူးစားပြောင်း စိုက်ပျိုးခြင်းကို ယခုနှစ်ဇွန်လတတိယပတ်တွင် စတင်စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။

"ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီ ပွင့်ဖြူမြို့နယ်မှာ ဖူးစားပြောင်း ၂၇၉၆ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ လျာထား စိုက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ တောင်သူတွေကိုလဲ ဖူးစားပြောင်းစိုက်ပျိုးတာနဲ့ ပတ်သက်ပြီး အထွက်နှုန်းကောင်းမွန်စေဖို့ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်အောင် ပံ့ပိုးကူညီဆောင်ရွက်ပေးတဲ့အပြင် GAP နည်းစနစ်နဲ့ စိုက်ပျိုးနိုင်အောင် နည်းပညာပေးတာတွေ ဆောင်ရွက်ပေးနေပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဖူးစားပြောင်း စိုက်ပျိုးတောင်သူများကို အရည်အသွေးနှင့် အထွက်နှုန်းများ တိုးတက်စေရေး တောင်သူပညာပေး ဆွေးနွေးပွဲများနှင့် သင်တန်းများပေးခြင်း၊ ဖောငမြှောင်တောင်ပိုး ကြိုတင်ကာကွယ်ရေးစနစ်ဖြစ်သည့် တမာပိုးသတ်ဆေး အသုံးပြုရေး၊ မြေဩဇာနှင့် သွင်းအားစုများ စနစ်တကျသုံးစွဲရေး စသည့် စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးလျက်ရှိကြောင်း သိရသည်။

ဖူးစားပြောင်းကို အထွက်နှုန်း ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်သောကြောင့် ဖူးစားပြောင်းကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )