လွိုင်ကော် ဇွန် ၉
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း (လွိုင်ကော်) သင်တန်းကျောင်းခန်းမဆောင်၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ သင်တန်းကျောင်း ကျောင်းအုပ်ကြီးက ကျောင်းဖွင့်လှစ်နိုင်ရန်အတွက် ဝန်ထမ်းများစုဖွဲ့ထားမှု၊ ကျောင်းဆောင်များ ပြင်ဆင်ထားမှု၊ ကျောင်းသား ကျောင်းသူများ ကျောင်းတက်ရောက်နှင့် အုပ်ချုပ်မှုကိစ္စရပ်များအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများတွင် ဖွံ့ဖြိုးမှုအားနည်းသည့် ဒေသများက လူငယ်များအတွက် အခြေခံအဆင့်မြင့်ဘာသာရပ်များနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ယခုလိုသင်တန်းကျောင်းများအား ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်းသား လူမျိုးအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရန်၊ ယဉ်ကျေးမှု၊ စာပေ၊ ဓလေ့ထုံးစံတို့ကို ထိန်းသိမ်းနိုင်စေရန်နှင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးတာဝန်များကို အသိစိတ်ဓာတ်ဖြင့် ထမ်းဆောင်စေရန်စသည့် ရည်ရွယ်၍ ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ တည်ဆောက်ရာတွင် လူငယ်များ၏ အခန်းကဏ္ဍသည် အလွန်အရေးပါသော လူ့စွမ်းအားအရင်းအမြစ်တစ်ခုဖြစ်၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူနေမှုအဆင့်အတန်းမြင့်မာလာစေရေးအတွက် ကြိုးစားလေ့လာသင်ယူကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်ငံတော်မှ အခမဲ့ပေးအပ်သည့် ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးပစ္စည်းများကို ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းဝန်းအတွင်းရှိ သင်တန်းသား၊ သင်တန်းသူ အိပ်ဆောင်များ၊ စားရိပ်သာများ၊ ပြင်ဆင်ထားရှိမှုများ အားလည်းကောင်း၊ ပစ္စည်းစတိုနှင့် ရိက္ခာဂိုဒေါင်များတွင် ဆန်၊ ဆီ၊ ပဲ၊ ဆားများ သိုလှောင်ထားရှိမှုနှင့် စာကြည့်တိုက်တို့အား လည်းကောင်း၊ ဝန်ထမ်းသက်သာ ချောင်ချိရေးအတွက် မွေးမြူထားသည့် ဥစားကြက် မွေးမြူရေးခြံနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီးသင်တန်းသား၊ သင်တန်းသူများ စည်းစနစ်ကျစွာ နေထိုင်နိုင်ရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးနှင့် စနစ်တကျစီမံ ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ပြည်နယ်(ပြန်/ဆက်)