မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် ကွန်ကရစ်ဘောင်နှင့် သဲကျောက်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှု စစ်ဆေး

မိုးညှင်း ဇွန် ၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် တာဝန်ယူဆောင်ရွက်ခဲ့သည့် ဟဲလုံခေတ်မီစံပြကျေးရွာတွင် ကွန်ကရစ်ဘောင်ဖြင့် သဲကျောက်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေမှုကို ယနေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြသိန်းဝင်း ဦးဆောင်သည့် မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့် ဝန်ထမ်းများက ရက်(၁၀၀)စီမံချက်ဖြင့် ဌာနမှတာဝန်ယူဆောင်ရွက်ခဲ့သော ဟဲလုံကျေးရွာတွင်းလမ်းအား ကွန်ကရစ်ဘောင်ဖြင့် သဲကျောက်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးနေမှုအား ကြည့်ရှုစစ်ဆေးကြပြီးနောက် ခရိုင်ဦးစီးမှူးက အဆိုပါလမ်းအားရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာသူ ကျေးရွာသားများမှ ထိန်းသိမ်းရှောက်စောင့်သွားကြစေလိုကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါကျေးရွာတွင်းလမ်းအား အရှည်ပေ (၁၈၃၀)၊ အကျယ် (၁၂)ပေနှင့် ထု (၆)လက်မရှိ ကွန်ကရစ်ဘောင်ဖြင့် သဲကျောက်ခင်းခြင်းလုပ်ငန်းနှင့် ရေပြွန် (၂)စင်းပါ လုပ်ငန်းတို့အား အစိုးရသစ် ရက်(၁၀၀)စီမံချက်ဖြင့် ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေ (GRF)ဖြင့် ခွင့်ပြုငွေကျပ် (၁၃၇) ဒဿမ (၂၀၂)သန်းဖြင့် ဌာနမှတာဝန်ယူပြီး ဧပြီးလဒုတိယပတ်မှစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးခဲ့သဖြင့် ကျေးရွာနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် များစွာအကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။

ရွှေမိုးညှင်း