ပခုက္ကူ ဇွန် ၇
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်နှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်၍ လူသားများ နေ့စဉ်တွေ့ကြုံနေရသည့် မြေထု၊ ရေထု၊ လေထုဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်များ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပြည်သူအားလုံး ဝိုင်းဝန်းပါဝင်ဆောင်ရွက်ရမည့် နည်းလမ်းများအကြောင်းတို့ကို အသိပညာပေး ရှင်းလင်းဟောပြောသည်။
အဆိုပါဟောပြောပွဲတွင် ပခုက္ကူတက္ကသိုလ်မှ သင်ကြား/စီမံဌာနမှူးများ၊ ပါမောက္ခများ၊ ဆရာဆရာများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဟောပြောမှုအပေါ် သိရှိလိုသည်များ မေးမြန်းကာ ပြန်လည်ဆွေးနွေးခဲ့ကြသည်။
အလားတူ ယမန်နေ့နံနက်ပိုင်းက မြို့နယ်သစ်တောဦးစီးဌာနနှင့် ပူးပေါင်းပြီး ပခုက္ကူတက္ကသိုလ်ဝန်းအတွင်း ယင်းမာ၊ ပိတောက်၊ တမလန်း၊ ကုက္ကိုလ်(အဖြူ၊အညို) စသည့် စုစုပေါင်းပျိုးပင် ၄၅၀ ပင်အား ခေတ္တပါမောက္ခချုပ်၏ ဦးဆောင်မှုဖြင့် စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)