မိုးညှင်း ဇွန် ၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်မှုဖြင့် သာယာကုန်းခေတ်မီစံပြ ကျေးရွာ၌ ကျေးရွာအင်္ဂါရပ်နှင့်အညီ ကျေးရွာသန့်ရှင်းသာယာလှပစေရေးအတွက် ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းက စွန့်ပစ်အမှိုက်များကို စုပေါင်းအမှိုက်ကောက်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့် ဦးဆောင်၍ဝန်ထမ်းများ၊ ကျေးရွာစီမံကိန်းကော်မတီဝင်များ၊ ကျေးရွာသူ/သားများ စုပေါင်းပြီး ရွာလမ်းမကြီးတစ်လျှောက် လမ်းဘေးဝဲယာရှိ စွန့်ပစ်အမှိုက်များနှင့် နေအိမ်များအတွင်းရှိ အမှိုက်သရိုက်များကို စုပေါင်းကောက်ယူကြကာ သတ်မှတ်ထားသည့် ကျေးရွာအမှိုက်ကန်တွင် စွန့်ပစ်ကြပြီးနောက် မီးရှို့ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သာယာကုန်းခေတ်မီစံပြကျေးရွာ၌ ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ်ကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင်လည်း ခေတ်မီစံပြကျေးရွာ အင်္ဂါရပ်နှင့်အညီ ကျေးရွာသန့်ရှင်းသာယာလှပစေရေးအတွက် ကျေးရွာသူ/သားများမှ စုပေါင်းအမှိုက်ကောက်ခြင်းကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရွှေမိုးညှင်း