လပွတ္တာ ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူး၍ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ဇွန်လ ၅ ရက်နေ့ မွန်းလွဲပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လပွတ္တာခရိုင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းသိန်းကငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ/မများ၊ ကျောင်းသားမိဘများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပါဝင်သောပူးပေါင်းအဖွဲ့များဖြင့် ဇာတ်တိုက်လေ့ကျင့်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငလျင်ဘေးအန္တရာယ် ကျရောက်နေချိန်နှင့် ကျရောက်ပြီးချိန်တွင် ဆောင်ရန်ရှောင်ရန်အချက်များကို သိရှိစေရန် ရည်ရွယ်ပြီး ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)