ဂန့်ဂေါမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

ဂန့်ဂေါ ဇွန် ၇

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရှိ ခရိုင်/မြို့နယ် ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်း၍ ဆောင်ရွက်ခဲ့ကြသည်။           

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မိုးရာသီတွင် ပိုးလောက်လန်းမှတစ်ဆင့် ခြင်ပေါက်ပွားမှုများပြားလာနိုင်သဖြင့် ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ တာယာဟောင်းများ၊ ရေပုံး၊ ရေအိုးများ၊ ပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ရေတိုင်ကီ၊ ကျောက်စည်ပိုင်းများနှင့် အုတ်ရေကန်များအတွင်းသို့ အဘိတ် (abate)ဆေးခတ်ခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ပေး၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာသို့ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးကာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး-၁ ဦးထွန်းဇော်လင်း ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ အဖွဲ့များခွဲကာ အဘိတ်(abate) ဆေးခတ်ခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မောင်မျိုးမင်း(ပြန်/ဆက်)