သထုံမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

သထုံ     ဇွန်     ၅

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က လိပ်အင်းရပ်ကွက်ရှိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးအောင်က အမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာငြိမ်းက ကမ္ဘာ့ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် (UNEP) မှပေးပို့သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ သဝဏ်လွှာအား ဖတ်ကြားသည်။

ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ခရိုင်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆုရရှိကြသည့် သထုံခရိုင်နှင့် ကျိုက်ထိုခရိုင်တို့ အတွင်းရှိ အခြေခံပညာကျောင်း(၅)ကျောင်းတို့အား ဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့ကြပြီး ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ရုပ်သံနှင့် အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း ဒုတိယဆုရရှိခဲ့သည့် အထက(ပေါင်)ကျောင်း၏ လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်း ရုပ်သံတို့အား ပြသပေးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ သထုံခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာဆရာမများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)