ဟုမ္မလင်းမြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ဟုမ္မလင်း ဇွန် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်သည့် (၅၄)ကြိမ်မြောက်  ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား ဟုမ္မလင်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေနံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ဟုမ္မလင်းခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်မှ အခမ်းအနာအဖွင့်အမှာစကားပြောကြား၍​ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံဦးဇင်မင်းဝေက ၂၀၂၆ ခုနှစ်၊ "ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်" Video Clip အား ပြသခဲ့သည်။

ဆက်လက်၍(၅၄)ကြိမ်မြောက်  ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်၊ "ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့၊ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့ ခေါင်းစဥ်ဖြင့် အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင်ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသည့် အထက်တန်းဆင့် ကျောင်းသူများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုချီးမြှင့်ခဲ့ပြီးအလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အလယ်တန်းဆင့်ကျောင်းသူအား၊ ဟုမ္မလင်းမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးသန်းဌေးမှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုချီးမြှင့်ခဲ့၍ အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဒုတိယဆု၊ တတိယဆုရရှိကြသည့် အလယ်တန်းဆင့် ကျောင်းသူနှစ်ဦးအား မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဇင်မင်းဝေကဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုချီးမြှင့်ခဲ့ကာ စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

အဆိုပါ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ဟုမ္မလင်းခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးသန်းဌေး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ဆုရရှိသည့်ကျောင်းသူများ၊ ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)