ချောက်မြို့၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ချောက် ဇွန် ၅

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊‌ ချောက်မြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သူသူအောင်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံ၊ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ကျင်းပရခြင်းရည်ရွယ်ချက်နှင့် ဆောင်ပုဒ်၊ ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ လုပ်ဆောင်သင့်သည့် နည်းလမ်းများအား ရှင်းလင်းပြောကြားပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာဗီဒီယို၊ ကမ္ဘာ့ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) အမှုဆောင်ညွှန်ကြားရေးမှူး၏ သဝဏ်လွှာဗီဒီယိုနှင့် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုဖော်ပြသည့်ဗီဒီယိုကို ပြသသည်။

ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းအိမွန်က "လူငယ်နှင့်စာပေ" ခေါင်းစဉ်ဖြင့် လူငယ်များ စာဖတ်သည့် အလေ့အထကောင်းများရှိရန်နှင့် စာဖတ်သည့်အလေ့အထများ ပျိုးထောင်ပေးသင့်ကြောင်း၊ စာပေလေ့လာဖတ်ရှုမှတ်သားခြင်းနှင့် စာပေမြတ်နိုးစိတ်၏ အရေးပါပုံ၊ အင်တာနက်ခေတ်တွင် စာပေများကို ပိုမိုကျယ်ပြန့်စွာလေ့လာနိုင်သည့် အခွင့်အလမ်းများအကြောင်းကို လူငယ်များ စာဖတ်သည်အလေ့အကျင့်များရရှိ၍ စာပေ၏ အကျိုးကျေးဇူးတို့ကို ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက တက်ရောက်သော ကျောင်းသား/ သူလေးများအား ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်‌ဝေခြင်းနှင့် နံရံကပ်အသိပညာပေး ဗီနိုင်း၊ ပိုစတာ၊ စာအုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)