မိုးညှင်းမြို့၌ ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်သရုပ်ပြသမှု ဆောင်ရွက်

မိုးညှင်း ဇွန် 

ကချင်ပြည်နယ် မိုးညှင်းခရိုင် မီးသတ်ဦးစီးဌာနမှ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ စုဖွဲ့ထားရှိခြင်းနှင့် ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို ယနေ့နံနက် (၁၀) နာရီက သာစည်ရပ်၊ ထီးလင်းဇာတ်ရုံကွင်း၌ ကျင်းပသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးတင့်က အမှာစကား ပြောကြားရာတွင် ငလျင်ဘေးအန္တရာယ်သည် အချိန်အခါမရွေးဖြစ်ပေါ်နိုင်ပြီး ကြိုတင်ခန့်မှန်းတွက်ချက်၍ မရနိုင်သောကြောင့် ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ၊ ဇာတ်တိုက်လေ့ကျင့်မှုများနှင့် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။

ဆက်လက်၍ ငလျင်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသရာတွင် ပထမဦးစွာ ငလျင်ကြောင့် ပြိုကျသွားသော အဆောက်အဦးဧရိယာအား ဓာတ်ငွေ့ယိုစိမ့်မှု ရှိ/မရှိအခြေအနေများအား ထောက်လှမ်းခြင်း၊ အဆောက်အဦးအား ရွေ့လျားမှုအာရုံခံကိရိယာဖြင့် ထောက်လှမ်းခြင်းများ၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ လူနာများအား ကယ်ဆယ်ရွေ့ထုတ်ခြင်းနှင့် အဆောက်အဦးအတွင်း ပိတ်မိနေသူများ ရှိမရှိ ဆက်လက်ရှာဖွေခြင်းများ၊ ဧရိယာတစ်ခုလုံး၏ ပျက်စီးနေသော ပစ္စည်းကိရိယာများ ရွှေ့ပြောင်းဖယ်ရှားရှင်းလင်းခြင်းတို့ကို လက်တွေ့ပြသလျက်ရှိကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသည့် ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် စုဖွဲ့ထားရှိသော ရှာဖွေကယ်ဆယ်ရေးတပ်စု၊ ရှာဖွေကယ်ဆယ်ရေးသုံးယာဉ်များနှင့် စက်များ၊ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း