ရွှေတောင် ဇွန် ၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်ကျေးရွာအုပ်စု၊ ဝါးလည်ကျေးရွာ ရွာလည်ဓမ္မာရုံတွင် ယမန့်နေ့ နေ့လယ်ပိုင်းက မြို့နယ်သမဝါယမဦးစီးဌာနမှ နိုင်ငံစီးပွားမြှင့်တင်ရေး စီမံချက်ဖြင့် တောင်သူများထံသို့ ဓာတ်မြေသြဇာပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စိုက်ပျိုးရေးနှင့် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မီးလောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ခဲ့ကြပြီး "ရွှေပင်သန်" ကုမ္ပဏီအမှတ်တံဆိပ်ဖြင့် မြို့နယ်သမဝါယမဦးစီးဌာနမှ ကွန်ပေါင်းဓာတ်မြေသြဇာတစ်အိတ်လျှင် (၁၆၅,၀၀၀/-) ကျပ်နှုန်း၊ ပုလဲဓာတ်မြေသြဇာ တစ်အိတ်လျှင် (၁၃၅,၀၀၀/-) ကျပ်နှုန်းတို့ဖြင့် တောင်သူ (၅၂)ဦးတို့အား ဓာတ်မြေသြဇာ တစ်အိတ် ( ၁၀၄) အိတ် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ရွှေတောင်မြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တောင်သူလိုအပ်ချက်များအပေါ် နိုင်ငံတော်မှ ဖြည့်ဆည်းထောက်ပံ့ကူညီပေးနေမှု အခြေအနေများ မျိုး၊ မြေ၊ ရေ၊ စိုက်နည်းစနစ်များ မှန်ကန်စွာအသုံးပြုစေရေးနှင့် သီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေတို့အား အသေးစိတ် ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ ဆက်)