ပဲခူးမြို့၌ တတိယအကြိမ်မြောက် နွေရာသီအနုပညာသင်တန်း (အတီးဘာသာရပ်) သင်တန်းဆင်းပွဲကျင်းပ

ပဲခူး ဇွန် ၃        

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ကျင်းပပြုလုပ်သည့် ၂ဝ၂၆ ခုနှစ်၊ တတိယအကြိမ်မြောက် နွေရာသီအနုပညာသင်တန်း (အတီးဘာသာရပ်) သင်တန်းဆင်းပွဲ အခမ်းအနားအားပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းအချိန်က ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။        

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နွေရာသီအားလပ်ရက်များအား အကျိုးရှိရှိအသုံးချပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ကျောင်းသားလူငယ်များ တန်ဖိုးထား၍ရေရှည်တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန် ရည်ရွယ်ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းနှင့် မိမိတို့သင်ကြားခဲ့ရသည့် အတီးဘာသာရပ်အလိုက် ကျွမ်းကျင်ပိုင်နိုင်စွာ တက်မြောက်စေရေး ဆက်လက်ကြိုးစားလေ့လာသင်ယူသွားကြစေလိုကြောင်း သင်တန်းဆင်းအမှာစကားပြောကြားပြီး ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ဥပဒေချုပ်ဦးခင်မောင်တင့်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။         

ထို့နောက် နွေရာသီအနုပညာသင်တန်း (အတီးဘာသာရပ်) သင်တန်းသား/သူများက “ဂီတဗိမ္မာန်” သီချင်းဖြင့်လည်းကောင်း၊ စောင်း၊ တယောဘာသာရပ် သင်တန်းသား/သူများမှ “မြူမှောင်ဝေကင်း” သီချင်းဖြင့်လည်းကောင်း၊ မယ်ဒလင်၊ မြန်မာဂီတာ၊ ဒုံမင်း၊ နှဲ၊ ပုလွေ ဘာသာရပ် သင်တန်းသား/သူများမှ “မေတ္တာရွှေရည်” သီချင်းဖြင့်လည်းကောင်း၊ စန္ဒယား ဘာသာရပ် သင်တန်းသား/သူများမှ “မပြီးသေးသော ပန်းချီကား" သီချင်းဖြင့်လည်းကောင်း စုပေါင်းသီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။       

ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က နွေရာသီအနုပညာသင်တန်း သင်တန်းသား/သူများအား သင်တန်းဆင်း လက်မှတ်ပေးအပ်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဗဟိုအကဲဖြတ်ဒိုင်နည်းပြများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ကြသည်။       

အဆိုပါ ၂၀၂၆ ခုနှစ်၊ တတိယအကြိမ်မြောက် နွေရာသီအနုပညာသင်တန်း(အတီးဘာသာရပ်) သင်တန်းကို မေလ(၅)ရက်နေ့မှ (၃၁)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပြီး သင်တန်းသား/ သင်တန်းသူ(၉၂)ဦးတက်ရောက်ကာ ကျွမ်းကျင်ဝါရင့်နည်းပြပညာရှင်ဆရာများမှ စောင်း၊ တယော၊ မယ်ဒလင်၊ မြန်မာဂီတာ၊ ဒုံမင်း၊ နှဲ၊ ပုလွေ၊ စန္ဒယား ဘာသာရပ်များကို သင်ကြားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)