ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်း ဧက ၁၈၀၀၀ ကျော်စိုက်ပျိုးမည်

ကျွန်းလှ    ဇွန်   ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အစေ့ထုတ်ပြောင်း အဓိကစိုက်ပျိုးသော ဒေသတစ်ခုဖြစ်ပြီး ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ အစေ့ထုတ်ပြောင်း စိုက်ပျိုးရန် ဧက ၁၈၀၀၀ ကျော်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ကျွန်းလှမြို့နယ်မှာ အစေ့ထုတ်ပြောင်းနဲ့ ဖူးစားပြောင်းသီးနှံတို့ကို ရာသီအလိုက် စိုက်ပျိုးကြပါတယ်။ ဒီနှစ် မိုးရာသီမှာ အစေ့ထုတ်ပြောင်းစိုက်ပျိုးဖို့ ၁၈၉၃၈ ဧကလျာထားပြီး မေလက စတင်ပြီးစိုက်ပျိုးနေကြပါတယ်။ အစေ့ထုတ်ပြောင်း စိုက်ပျိုးခြင်းမှာ တောင်သူတွက်ခြေကိုက်သီးနှံဖြစ်ပြီး ကျွဲ၊ နွားတိရစ္ဆာန် အစာအဖြစ်အသုံးရတဲ့အတွက် တိုးချဲ့စိုက်ပျိုးလာကြပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

အဆိုပါ အစေ့ထုတ်ပြောင်းစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး ကွင်းသရုပ်ပြ စိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိန်ကိုက် စနစ်တကျသုံးစွဲခြင်း စသည့်စိုက်ပျိုးရေးနည်းပညာများ ကွင်းဆင်းအသိပညာပေးလျက် ရှိသည်။

ကျွန်းလှမြို့နယ်တွင် သီးနှံအမျိုးမျိုးကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်ကြရာ တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်နိုင်ပါက တောင်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးလာမည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)