သာပေါင်း ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အရဆောင်ရွက်သည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က သင်္ကန်းပင်ဆိပ်ကျေးရွာအုပ်စုရှိ တောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲရုံး၌ ဆက်လက်ထုတ်ချေးပေးလျက် ရှိသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဦးဇင်မင်းသိုက်က စိုက်ပျိုးစရိတ်ချေးငွေအား အမှန်တကယ်ထိရောက်စွာ စိုက်ပျိုးရေးလုပ်ငန်းများတွင်သာ အကျိုးရှိသုံးစွဲကြပြီး စိုက်ပျိုးဧကများအတိုင်း ပြည့်မီစွာစိုက်ပျိုးကြစေလိုကြောင်း၊ ချေးငွေ ပြန်လည်ပေးဆပ်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး သင်္ကန်းပင်ဆိပ်ကျေးရွာအုပ်စုရှိ တောင်သူ (၁၁၂) ဦး၊ လယ်မြေဧက (၈၁၂) အတွက် ချေးငွေ (၂၄၃၆) သိန်း ထုတ်ချေးပေးခဲ့သည်။
သာပေါင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို တစ်ဧက(၃)သိန်းကျပ်နှုန်းဖြင့် (၁၂၊ ၅၊ ၂၀၂၆)ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိရာ ယနေ့အထိ ကျေးရွာအုပ်စု(၁၁)ရှိ တောင်သူ(၁၂၀၁)ဦး၊ စိုက်ပျိုးလယ်မြေဧက(၈၃၅၆)အတွက် ထုတ်ချေးငွေ (၂၅၀၆၈) သိန်း ထုတ်ချေးပေးထားပြီးဖြစ်ကြောင်းနှင့် သာပေါင်းမြို့နယ်တွင် ကျေးရွာအုပ်စု (၅၈)အုပ်စုရှိ တောင်သူ (၅၉၈၃) ကျော်တို့၏ လယ်ယာမြေဧက (၃၉၀၀၀)ခန့်အတွက် ကျပ်သန်း (၁၁၇၀၀) ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေ လျာထား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမန်နေဂျာ ဦးဇင်မင်းသိုက်ထံမှ သိရသည်။
သိန်းမြင့်မျိုးဦး (သာပေါင်း ပြန်/ဆက်)