တောင်တွင်းကြီး ဇွန် ၃
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ဇွန်လ ၁ ရက်နေ့ မွန်းလွဲ (၁)နာရီက တောင်တွင်းကြီးမြို့နယ် တိုင်းသံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ငှက်ပစ်တောင်ကျောင်းတိုက်ပဓာနနာယက အဂ္ဂမဟာကမ္မဌာနာ စရိယ၊ မဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တမာနိတအား လာရောက်ဖူးမြော်ခြင်းနှင့် ကျောင်းတိုက်အတွင်းရှိ ကျောက်ကပ်စင်တာနှင့် ဘိုးဘွားရိပ်သာရှိ သက်ကြီးဘိုးဘွားများအား အလှူငွေများ ထောက်ပံ့လှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ တောင်တွင်းကြီးမြို့နယ် တိုင်းသံဃနာယကအဖွဲ့အကျိုးတော်ဆောင် ဆရာတော် ငှက်ပစ်တောင်ကျောင်းတိုက်ပဓာနနာယက အဂ္ဂမဟာကမ္မဌာနာစရိယ၊ မဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တမာနိတအား လာရောက်ဖူးမြော်ခဲ့ကာ ဆရာတော်ကြီးမှာ ချီးမြှင့်တော်မူသော ငါးပါးသီလနှင့် သြဝါဒခံယူဆောက်တည်၍ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ သည်။
ဆက်လက်၍ ကျောင်းတိုက်အတွင်းရှိ ဘိုးဘွားရိပ်သာသို့ ရောက်ရှိပြီးဘိုးဘွားများအား ကန်တော့၍ လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်းနှင့် ကျောက်ကပ်စင်တာ၌ဆေးကုသမှုခံယူနေသည့် လူနာရှင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး အလှူငွေများ ပေးအပ် လှူဒါန်းခဲ့သည်။
နောင်နောင် (ဗိဿနိုးမြေ)